သတင်းများ

နွားထိုးကြီးမြို့နယ် ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းများ တွက်ခြေကိုက်အဆင်ပြေနေ

ယခုအခါကွမ်းရွက်ဈေးနှုန်းများ သိသာစွာမြင့်တက်လာနေသဖြင့် နွားထိုးကြီးမြို့နယ် ဒေသအတွင်း ကွမ်းစိုက်ပျိုးသူဦးရေ တိုးတက်များပြားလာနေပြီး တွက်ခြေကိုက်အဆင်ပြေနေကြောင်း နွားထိုးကြီးမြို့ အရှေ့ပိုင်းမှ သဇင်ကျေးရွာအနီးတွင် ကွမ်းအပင်လေးထောင်စိုက် ကွမ်းခြံလုပ်ငန်းပိုင်ရှင် ဦးစန်းမြင့်ဝေထံမှ သိရသည်။

နွားထိုးကြီးမြို့နယ် ဒေသတွင် ကွမ်းထွက်နှုန်းအခြေအနေအရ ဈေးနှုန်းအတက်အကျအခြေအနေပြောင်း လဲမှုတွေရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ်မှာ ကွမ်းတစ်ပိဿာတစ်ထောင်ကျပ်နှုန်းအထိ စံချိန်တင်ဈေး ကျသွားခဲ့သည်။ ကွမ်းဈေးမှာ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဈေးနှုန်းများတဖြည်းဖြည်းပြန်လည်မြင့်တက် လာခဲ့ရာ နိုဝင်ဘာလမှစ၍ ကွမ်းဈေးနှုန်းသိသာစွာမြင့်တက်လာခဲ့ပြီး တွက်ခြေကိုက်လာခဲ့ကြသည်။ ကွမ်းခြံလုပ်ငန်းများအဆင်ပြေတွက်ခြေကိုက်လာသဖြင့် ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူဦးရေလည်း တိုးတက်များပြားလာခဲ့ရာ လက်ရှိတွင် ကွမ်းခြံနှစ်ရာကျော်အထိ စိုက်ပျိုးလုပ်ကိုင်နေကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းများကို ထန်းဂွ၊ သဇင်၊ ပဲချက်၊ စိန်ပန်းကန် ကျေးရွာများနှင့် ပတ်ဝန်းကျင်ဒေသများတွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်နေကြပြီး စိန်ပန်းကန်ကွမ်းမှာ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာကွမ်းဈေးကွက်တွင် တွင်ကျယ်စွာအမည်ရနေသည်။ လက်ရှိအဆိုပါ ဒေသထွက် ကွမ်းများကို နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာ ကွမ်းဈေးကွက်များသို့ တင်ပို့ရောင်းချကြသည်။
အဆိုပါဈေးကွက်များတွင် ပွဲရုံသွင်းဈေးတစ်ပိဿာ ကျပ်၇ဝဝဝအထိ ဈေးနှုန်းရှိကာ ကွမ်းပင်အပင်လေး ထောင်စိုက်ကွမ်းခြံတစ်ခြံမှ ၁၅ ရက်တစ်ကြိမ် ကွမ်းရွက်ရှစ်ပိဿာကျော် ထွက်ရှိပြီး မိုးရာသီတွင် ပိဿာ ၂ဝ အထိ ထွက်ရှိကာတွက်ခြေကိုက်နေကြသည်။ ထို့ကြောင့် ယခုအခါ အချို့ကွမ်းခြံလုပ်ငန်းရှင်များမှ ကွမ်းပင်၊ အပင်တစ်သောင်းအထိပင် စိုက်လာကြကြောင်း ဦးစန်းမြင့်ဝေထံမှ သိရသည်။

မင်းသစ္စာလှိုင်(ကဒုံကနိ)
၁၀-၂-၂၀၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၆

----------------------------------------------------


စာရွေ့ငှက်မျိုးစိတ် နွားထိုးကြီးမြို့နယ်၌ တွေ့မြင်ရ

နွားထိုးကြီးမြို့နယ်တွင် ဒေသတွင်းငှက်မျိုးစိတ် လေးကောင်ကို ငှက်ကြည့်အသင်း၏ အကူအညီနှင့် အသစ်ရှာဖွေတွေ့ရှိခဲ့ရာမှ ငှက်မျိုးကိုးဆယ်ကျော်တွင် အညာဒေသမ၌ ထပ်တိုးတွေ့ရှိခဲ့ပြီဟု ငှက်များလေ့လာသူ ဦးမြင့်ရွှေထံမှ သိရသည်။
အရှေ့တောင်အာရှ ငှက်များစာအုပ်မှတ်တမ်းအရ ယင်းမျိုးစိတ်
လေးကောင်အနက်မှ စာရွေ့ငှက်သည် အမြီးရှည် ရင်ဘတ်အမွှေးပွပြီး
အရောင်မှာ အဖြူရောင်ဖြစ်သည်။ ဦးခေါင်းမှာ အနက်ဖျော့ရောင်အစင်းရှိပြီး မျက်ကွင်းနက်သည်။ အပူပိုင်းတောစပ်ချုံပုတ်များ၊ စိုက်ခင်းများတွင် တွေ့ရသည်။ အမြင့်မီတာ ၆၀၀ ထိတွေ့နိုင်ပြီး မြန်မာပြည်အလယ်ပိုင်း၌တွေ့မြင့်ရမှုများသည်။ အထူးသဖြင့် နွားထိုးကြီးနယ်၊ မင်းစုံတောင် ဘေးမဲ့တောတွင်း၌ ဒေသရင်းမျိုးစိတ်အဖြစ် တွေ့မြင်ရခြင်းဖြစ်သည်ဟု ဦးမြင့်ရွှေက ပြောပြသည်။
ဒေသရင်းငှက်မျိုးစိတ်ဆိုသည်မှာ နွားထိုးကြီးနယ်၌သာ တွေ့မြင်ရသော ငှက်မျိုးဖြစ်သည်။ ရှားပါးငှက်မျိုးမဟုတ်သော်လည်း ပြင်ပမြို့နယ်အတွင်း တွေ့မြင်ရခဲသော ငှက်ဖြစ်သည်။ လုံးဝမတွေ့ရပါဟုလည်း ဆိုသည်။


ဌေးမြင့်မောင်

 ၁၉-၁-၂၀၁၄ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာ စာမျက်နှာ ၁၆

----------------------------------------------------

မြန်မာ့အမွေအနှစ် ကြယ်လိပ်များဘေးမဲ့တောတွင်းသို့လွှတ်

မြန်မာ့ကြယ်လိပ်အကောင် ၁၅ဝ ဘေးမဲ့လွှတ်ပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ဘာဝပတ်ဝန်းကျင်နှင့်
သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်အောက်ရှိ မင်းစုံတောင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မင်းစုံ တောင်ပေါ် ဘုန်းပွင့်အောင် စေတီ ခြေရင်းရှိ ပရိဝုဏ်၌ နိုဝင်ဘာ ၆ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မင်းစုံ တောင်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးစန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ပညာရေးမှူးဒေါက်တာ ဒေါ်သန္တာဆွေ၊ ရတနာ ပုံတိရစ္ဆာန်ဥယျာဉ်မှ ဒေါက်တာတင့်လွင်၊ တွားသွားသုတေသနပညာရှင် ဒေါက်တာစတီဗင်ပလတ်၊
ဒေါက်တာဒေါ်ကလျာတို့က ရည်ရွယ်ချက်နှင့် သိမှတ်ဖွယ်ရာများကို ပြော
ကြားခဲ့သည်။

အခမ်းအနားအပြီးတွင် မြန်မာ့အမွေအနှစ်တွင်ပါဝင်၍ ကျန်းမာ ရေးစစ်ဆေးပြီးဖြစ်သော မြန်မာ့ဌာနေ ရင်းဖွား ကြယ်လိပ် Geochelone
platynota ခြံပေါက်အရွယ်ရောက် အကောင် ၁၅ဝ ကို ဘေးမဲ့တောအတွင်းရှိ နေရာသုံးနေရာတွင် လွှတ်ပေးခဲ့သည်။ ယင်းကြယ်လိပ်များသည် သစ်တောဥပဒေဖြင့်ကာကွယ်ထား သော မျိုးစိတ်ဖြစ်သကဲ့သို့ ကမ္ဘာ့မျိုး သုဉ်းပျောက်ကွယ်မည့် လိပ်မျိုးစိတ် ၂၅ မျိုးတွင်ပါဝင်သဖြင့် လုံးဝ ကာကွယ်ထားသော မျိုးစိတ်ဖြစ်ကာ သစ်တောဦးစီးဌာန အောက်ရှိ ရွှေစက်တော်ဘေးမဲ့တော၊ လောက နန္ဒာဘေးမဲ့တောဥယျာဉ်နှင့် မင်းစုံ တောင်ဘေးမဲ့တောတို့တွင် အနီးကပ် ကာကွယ်ထိန်းသိမ်းမွေးမြူစောင့် ရှောက်လျက်ရှိသော မျိုးစိတ်လည်း ဖြစ်သည်။

ကိုငြိမ်း (တောင်သာ)
၁၂-၁၁-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၂

No comments:

Post a Comment

အကြံပြုချက်တစ်ခုခု ရေးခဲ့ပါ....