January 25, 2014

နွားထိုးကြီးမြို့နယ်အတွင်းက ပျူပုတီး ခေါ် ချင်းပုတီး

နွားထိုးကြီးမြို့နယ်၊ ဝတီးမြို့ဟောင်း၏ အတွင်းနှင့်မြို့ရိုးအနောက်ဘက်ကုန်းမြေတို့တွင် ရှေးပျူအနုပညာလက်ရာ ပုတီးများ၊ ဒင်္ဂါးများတွေ့ရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ ဗြိတိသျှလက်ထက်၌ ပျူပုတီးများအား ချင်းအမျိုးသားများက ခုံမင်နှစ်သက်သဖြင့် ဘုရားကြီးကျေးရွာသို့ လာရောက်ဝယ်ယူခဲ့ကြောင်း ရွာသားများက မြို့ဟောင်းမှတူးဖော်ရှာဖွေ၍ ရောင်းချခဲ့ရာ ပွဲတော်တမျှစည်ကားခဲ့ကြောင်း သိရသည်။ ပျူပုတီးများကို ချင်းအမျိုးသားများကနှစ်သက်သဖြင့် ချင်းပုတီးဟုခေါ်ကြသည်။
ရှေးခေတ် ပျူလက်ရာပုတီးများ ရှာဖွေမရနိုင်တော့သည့်အချိန်တွင် ဘုရားကြီးကျေးရွာမှ ဦးထွန်းရ၊ ဦးလူအောင်တို့သည် အင်ကြင်းကျောက်ဖြူအားသွေး၍ ပျူပုတီးပုံစံစမ်းသပ်လုပ်ကိုင်ခဲ့သည်။ အဆင့်ဆင့် စမ်းသပ်မှု၊ လေ့လာမှု၊ ကြိုးပမ်းမှုတို့ဖြင့် ဦးထွန်းရနှင့် ဦးလူအောင်သည် ပျူပုတီးများကို မူလလက်ရာ အရည်အသွေးအတိုင်း ထုတ်လုပ်နိုင်ခဲ့သည်။



အင်ကြင်းကျောက်ဖြင့် ထုတ်လုပ်သည့် ပျူပုတီး
ယခုအခါတွင် ယင်းတို့၏ အဆက်အနွယ်များနှင့် ဘုရားကြီးရွာသားများသည် ကျွမ်းကျင်စွာဖြင့် စီးပွားဖြစ် ထုတ်လုပ်နိုင်လျှက်ရှိသည်။ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအားချိန်တွင် ပုတီးသွေး ခြင်း၊ ကျောက်ဖြတ်ခြင်း၊ ကျောက်ဖောက်ခြင်း၊ ဆေးစပ်ခြင်း၊ ဆေးရေးခြင်းလုပ်ငန်းအဆင့်ဆင့်တိုင်း၌ တွင်တွင် ကျယ်ကျယ်လုပ်ကိုင်နိုင်ကြသည်။
ယခင်က ချင်းအမျိုးသားများသာ ဝယ်ယူခဲ့သည်။ ချင်းအမျိုးသားများသည် ကျေးရွာအရောက် လာရောက်ဝယ်ယူပြီး အိန္ဒိယနိုင်ငံသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။ ယခုအခါ ထိုင်ဝမ် တရုတ်အမျိုးသား လက်ဝတ်ရတနာကုန်သည်များသည်ပင် ရွာသို့လာရောက်ဝယ်ယူကြပြီး ယင်းတို့အလိုရှိ သော ဆေးရေးဒီဇိုင်းပုံစံများပေး၍ အထူးအပ်နှံလုပ်ကိုင်စေသည်ကို တွေ့ရသည်။ ယင်းတို့အနေဖြင့် ဥရောပနှင့် အမေရိကတို့သို့ ဖြန့်ချိကြောင်း သိရသည်။
ဘုရားကြီးကျေးရွာရှိ ပုတီးထုတ်လုပ်သူများအနေဖြင့် သမိုင်းအမွေကို ဖော်ထုတ်လုပ်ကိုင်နိုင်သည့် အပြင် မျိုးဆက်မပြတ်လက်ဆင့်ကမ်း ဆောင်ရွက်နေသည်မှာ ချီးကျူးဂုဏ်ပြုထိုက်ပေသည်။

သို့ရာတွင် လက်ရာနှင့်အမျိုးအစား အရည်အသွေးမြှင့်တင်ရေးနှင့် နိုင်ငံခြားငွေဖြင့်ပင် ရောင်းချရေး ကြိုးပမ်းခြင်း ဖြင့် နိုင်ငံဂုဏ်ကို ပိုမိုမြှင့်တင်ရာရောက်မည်ဖြစ်သည်ကို သတိပြုကြရပေမည်။ နိုင်ငံတော်မှလည်း အဆင့် အတန်းရှိရှိ ရောင်းချနိုင်ရေး ပံ့ပိုးပေးရန် လိုအပ်လျှက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

November 6, 2013

နွားထိုးကြီးမြို့နယ်အတွင်းက မြန်မာ့ရှားပါးကြယ်လိပ် ထိန်းသိမ်းမွေးမြူရေး

မြန်မာနိုင်ငံတွင် ကွင်းဆင်းသုတေသနပြု ဆောင်ရွက်ချက်များအရ မြန်မာ့လိပ်မျိုး(၃၂)မျိုး တွေ့ရှိ မှတ်တမ်းတင်နိုင်ပြီးဖြစ်သည်။ အဆိုပါလိပ်မျိုးများအနက်မှ (၅)မျိုး မှာပင်လယ်လိပ်၊ (၂၇)မျိုးမှာ ရေချို လိပ်များနှင့် ကုန်းလိပ်များဖြစ်သည်။ လိပ်သည် တွားသွားသတ္တဝါတစ်မျိုး ဖြစ်သည်။
ရှားပါးကြယ်လိပ်


မြန်မာကြယ်လိပ်အကြောင်း

မြန်မာ့ကြယ်လိပ်ကို သိပ္ပံအမည် (Geochelone Platynota) မျိုးရင်း (Testudinidae) အများသုံး အမည် (Myanmar Star Tortoise) ဒေသသုံးအမည် ကြယ်လိပ်၊ ပင့်ကူလိပ်၊ ပြိုလ်လိပ်၊ မြလိပ်၊ တောင်ပုလိပ်၊ မန်းကျည်းလိပ် အဖြစ် လူသိများသည်။
မြန်မာ့ကြယ်လိပ်ကို မြန်မာနိုင်ငံတွင်သာ တွေ့ရှိရပြီး အခြားနိုင်ငံ များတွင်မတွေ့ရပါ။ မြန်မာ့ဒေသရင်း မျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ခြောက်သွေ့ပူပြင်းသော အလယ်ပိုင်းဒေသများတွင် တွေ့ရပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အတွေ့များသည်။ နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ဘေးမဲ့တောတွင် ခြံခတ် မွေးမြူထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည်။ ၄င်းကြယ်လိပ်သည် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်လုနီးသော မျိုးစိတ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လိပ်မျိုးစိတ်များအနက် နံပါတ်သုံးအဆင့် မျိုးတုံးလုနီးသော မျိုးစိတ်လည်းဖြစ်သည်။ ယင်းမျိုးတုံး ပျောက်ကွယ်လုနီးသော မြန်မာ့ကြယ်လိပ်ကို နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောဝင်း တိရစ္ဆာန် ဘေးမဲ့တောတွင် သဘာဝအလျောက် တွေ့ရှိနိုင်ခြင်း၊ ဧက ၅၅၈၄ ကျယ်ဝန်းသော မင်းစုံတောင်တောဝိုင်း တိရစ္ဆာန်ဘေးမဲ့တော တည်ရှိနေခြင်းတို့ကြောင့် နွားထိုးကြီးမြို့နယ်၏ ဂုဏ်ကျက်သရေဆောင်တစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် လိပ်သီးသန့် ထိန်းသိမ်းရေးနယ်မြေအဖြစ် မင်းစုံတောင်တောဝိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် အကျယ်ဝန်းဆုံး ဧရိယာဖြစ်ပါသည်။
မြန်မာကြယ်လိပ်သည် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ဥဥပြီး ဇွန်လ၊ ဇူလိုင်လများတွင် သားပေါက်လေ့ရှိသည်။ တစ်နှစ်လျှင် နှစ်ကြိမ်ဥလေ့ရှိပြီး တစ်ကြိမ်လျှင် ဥသုံးလုံးမှကိုးလုံးအထိဥသည်။ သားပေါက်သည့် ရာသီတွင်ပင် မိတ်လိုက်လေ့ရှိသည်။ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်သည့်အလျောက် မင်းစုံ တောင်တောဝင်း တိရစ္ဆာန်ဘေးမဲ့တော၊ ရှောက်တောရိုးစခန်းတွင် ခြံခတ်မွေးမြူထားခြင်းအားဖြင့် အများပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်ခြင်း၊ သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာသုတေသန ပြုလုပ်နိုင်ခြင်း၊ ခြံခတ်မွေးမြူထား၍ ၄င်းတို့၏ အလေ့အထသဘာဝကို သိရှိသည့်အပြင် မည်ကဲ့သို့ ထိန်းသိမ်းနိုင်ကြောင်း သိရှိခြင်း၊ မျိုးတုံးရန်အန္တရာယ်မှကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိနိုင်သည့်အပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးရှိစေသည်။
မြန်မာ့ကြယ်လိပ်သည် မျိုးတုံးရန်အလွန်နီးစပ်နေသော မျိုးစိတ်ဖြစ်သည့်အလျောက် လုံးဝကာကွယ် ထားသော တိရစ္ဆာန်ဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် လိပ်သီးသန့် ထိန်းသိမ်းရေးနယ်မြေအဖြစ် နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်တောဝိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် အကျယ်ဝန်းဆုံး ဧရိယာအဖြစ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။


ဆက်စပ်သတင်း
မြန်မာ့ကြယ်လိပ်အကောင် ၁၅ဝ ဘေးမဲ့လွှတ်ပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ဘာဝပတ်ဝန်းကျင်နှင့်
သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်အောက်ရှိ မင်းစုံတောင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မင်းစုံ တောင်ပေါ် ဘုန်းပွင့်အောင် စေတီ ခြေရင်းရှိ ပရိဝုဏ်၌ နိုဝင်ဘာ ၆ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မင်းစုံ တောင်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးစန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ပညာရေးမှူးဒေါက်တာ ဒေါ်သန္တာဆွေ၊ ရတနာ ပုံတိရစ္ဆာန်ဥယျာဉ်မှ ဒေါက်တာတင့်လွင်၊ တွားသွားသုတေသနပညာရှင် ဒေါက်တာစတီဗင်ပလတ်၊
ဒေါက်တာဒေါ်ကလျာတို့က ရည်ရွယ်ချက်နှင့် သိမှတ်ဖွယ်ရာများကို ပြော
ကြားခဲ့သည်။

အခမ်းအနားအပြီးတွင် မြန်မာ့အမွေအနှစ်တွင်ပါဝင်၍ ကျန်းမာ ရေးစစ်ဆေးပြီးဖြစ်သော မြန်မာ့ဌာနေ ရင်းဖွား ကြယ်လိပ် Geochelone
platynota ခြံပေါက်အရွယ်ရောက် အကောင် ၁၅ဝ ကို ဘေးမဲ့တောအတွင်းရှိ နေရာသုံးနေရာတွင် လွှတ်ပေးခဲ့သည်။ ယင်းကြယ်လိပ်များသည် သစ်တောဥပဒေဖြင့်ကာကွယ်ထား သော မျိုးစိတ်ဖြစ်သကဲ့သို့ ကမ္ဘာ့မျိုး သုဉ်းပျောက်ကွယ်မည့် လိပ်မျိုးစိတ် ၂၅ မျိုးတွင်ပါဝင်သဖြင့် လုံးဝ ကာကွယ်ထားသော မျိုးစိတ်ဖြစ်ကာ သစ်တောဦးစီးဌာန အောက်ရှိ ရွှေစက်တော်ဘေးမဲ့တော၊ လောက နန္ဒာဘေးမဲ့တောဥယျာဉ်နှင့် မင်းစုံ တောင်ဘေးမဲ့တောတို့တွင် အနီးကပ် ကာကွယ်ထိန်းသိမ်းမွေးမြူစောင့် ရှောက်လျက်ရှိသော မျိုးစိတ်လည်း ဖြစ်သည်။

ကိုငြိမ်း (တောင်သာ)
၁၂-၁၁-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၂)မှ

August 30, 2012

ရှင်ပင်သာထွန်းဦးဘုရား မော်ကွန်းကျာက်စာ

မြင်းခြံဒိစတြိတ် နွားထိုးကြီးမြို့ ရွှေကျောင်း တိုက်အတွင်းရှိ ရှင်ပင် သာထွန်းဦးဘုရား မော်ကွန်း ကျောက်စာကို မြန်မာ ပြည်ကမ္ဗည်း ကျောက်စာ ဝန်မင်းရုံးတော်က ကူးယူ၍။ ရသမျှ ကြောင်းရေနှင့် အက္ခရာပြန်။ ယခုဝေါဟာရပြန် နှစ်မျိုးကို။ မြန်မာ သက္ကရာဇ်။ ၁၃၀၀ပြည့် နှောင်းတန်ခူး လဆန်း - ၁၁ - ရက်။ အင်္ဂလိပ်သက္ကရာဇ် ၁၉၃၉ - ခု။ မတ်လ - ၃၀ -ရက်နေ့စွဲနှင့် နွားထိုးကြီးမြို့ ရွှေကျောင်းဆရာတော် ဦးကလျာဏထန် ပေးပို့သော ကျောက်စာမိတ္တူ။
၁၉၃၉ - ခုနှစ်
မြင်းခြံဒိစတြိတ်၊ နွားထိုးကြီးမြို့ - ရွှေကျောင်းကြီးအတွင်း
ရှင်ပင်သာထွန်းဦးဘုရား ကျောက်စာ အက္ခရာပြန် မျက်နှာဘက်
(၁) ……………………………………. (အ) တွင်းခြီအ
(၂) ………….. တရ ………. က်ကျောင်းတောင် ဤလည်
(၃) တရပ်လှူ၏ ……….. နောက်ချောင်ငဲပြောင်ခင်ခွဲနှုန် ခင်ပဲခင်နှင့်အကွ၊ ငညိုငဲတောင်ခြီတောင်
(၄) ဖက်တမတ်နှိုလှူ၏ လှည်ပျက်ဝဲခွဲနီဤလည်းတရပ်လှူ၏။ သည် (ခ) မြလှူသည်အပေါင်ကို
(၅) ဖုရာရှင်မင်တရာသာအဖဝဲမော်ကွန်းတင်သောခါ၊
(၆) ပုဆစ်တုတ်သည်ကာအတွင် မင် သိရိသင်္ဃယာ၊ အတွင် သုမ်စောင်မင်နန်က သူရိယ ကျွန်တောမ အပေါင်နှင်
(၇) အကွလှော်ကာသုံစောင်မင်စကြသတေ၊ လှောကာမှူတော်နှင့်အကွ၊ မြောက်ဖ
(၈) က်မြင်မှူ တမာခါမင်၊ ပင်သည်မင်၊ လက်ရွေကြီးမင်၊ မြင်မှုတောမျာအပေါင် (မြို့)ရွာမင်
(၉) အဘိနန်သူ လှေမင်ရာဇသိင်္ခါ၊ ရဲလှေမှုတောမျာအပေါင်၊ သည်မင်မျာအပေါင်
(၁၀) (ပု)ဆစ်တုတ်၍ မောကွန်တင်၏၊ မောကွန်တင်သောခါ လက်ဆောင်တော်ဆက်
(၁၁) သည် (အပေါင်) ……….. ၊ အိမ်ရှေမင်ကြီကိုဝ်လည်စပါငါရာလက်ဆောင်တော်ဆက်၏ ဖုရရှင်နော
(၁၂) (ရထာ) အတွင်သင်မင်ကြိသိရိဇေယျ နောရဓာ မောကွန်တင်ပေသည်ကို (ပေသ)
(၁၃) ……… လှော (ငါ) ကျပ် မောကွန် စာရေကိုဝ်လည် ငွေငါကျပ်စာခွက်စာယောက်အဝ
(၁၄) တ်အစာစုံမ် ပေရ၏၊ မောကွန်ဆောင်ကိုဝ်လည် ငွေငါကျပ်လင်ပန်သန်ေ
(၁၅) တအဝတ် အစာစုံမ် ပေရ၏။ ငါပြုသော ကူနှင်ကျောင်ပျက်သော (ပြုစိမ်) သော
(၁၆) မြေကာ နွာဓိုဝ်(ရွာ) …….. အရှေ့ပြောင်ကြိ (နှင်ခု) နှစ်တင်ဝင်
…………………………………………………………………………………………………
(၁၇) ဓန်ကိုလည်ကောင် (ပျက်) သော ……. တမောပရန်တိုဝ်ဆောက်ပါ (သော) ဖုရာ …………
ကျောဘက်
(၁) …… လျှင်သိဓတ်၊ မိမတယောက်၊ ဖုရာကိုဝ်ပုတ်ဝတ်
(၂) (နောက်တောင်ကောင်ရှမ်) ရင်လဲကြီား လဲငဲာ ငညိုငဲတောင် ………… ဖျက်သသူကားလူနှစ် ကိုးသန်း
(၃) မှတနေ့ဟိသော သိန်းဇိုစ်းငရဲ၊ လူနှစ်သုံမ်းကုဋေ ခြောက်သန်းမှတနေ့ဟိသောကာလသုတ်ငရ
(၄) …….. ကုဋေ အမြတ်အနှစ် ……. သန်ဟိသော တာပန်ငရဲ လူနှစ် ………… ငရဲ၊ လု …………
(၅) န ငရဲ၊ လူနှစ်အကုဋေ ခြောက်ရာသုံမ်ဆဲ အမြတ် အနှစ် …………………………………..
(၆) …………. သုံမ်ကုဋေ အနှစ်ခြောက်သန် ……… မှတ ……… ငြယ်၊ (လုနှစ်) သုံမ်ရာခြောက်
(၇) ဆဲခြောက်ကုဋေ အမြတ် အနှစ်လေသန်မှ တနေ့ဟိသော ………….. သောငရဲ
(၈) ………………. ငကောင်မှုကိုဝ်ဖျက် သသူကိုဝ်ကား ဖုရာဓေ ………. မကျွတ်စေသော။
(၉) အပြစ်ရှစ်ပါ (တ)န် ဆဲပါ အပဲ လေပါ လာစေသော်(၊) ငကောင်မှု …………. ငါနှင့်အတူရစေ
(၁၀) ပါစေသောသြ ။ ဝ ။ ငမောင် မုံကပေါက်မင်၊ မ …………….. ၊ ဖုရင်မင်
(၁၁) တြာတွင် မောကွန်တင်အံသောခါသော ရိုဝ်ရင်ပေသည် …………… ငါနှင့်အတူ
(၁၂) ရစပါစေသောသြ ။ ဝ ။
----------------------------------------------------
(ဤကျောက်စာတွင် ထင်ရှားသော အချက်များတွေ့ရှိပါက ဖြေ့စွက်စေခြင်ပါကြောင်း)
ထိုအခါက ဝစ္စပေါက်မသုံးသေး

ဦဘချစ်
ကျောက်စာရုံးစာရေးကြီး

ဤအတိုင်း မန္တလေးမြို့ ကျောက်စာဝန်မင်းကြီး ပြန်ဆိုသောမူအတိုင်း ထည့်လိုက်သည်။
----------------------------------------------------

ထိုကျောက်စာ၏ - ဆိုလိုရင်း
ပဏ္ဍတ္ထကား
----------------------------------------------------

နံပါတ်(၁) ………… ပဌမကဏ္ဍ
(က) ပဏာမ ……..
(ခ) မော်ကွန်းတင်မင်း၏ အမည်နှင့် - ဘုန်းတံခိုး။ မျိုးရိုးဝံသ။
(ဂ) ဘုရားဒါယကာအမည်နှင့်။ အရည်အချင်း။
(ဃ) ဘုရားကျောင်း တည်ရာ ဌာနနှင့်။ တည်သော အခြင်းအရာ။
(င) လက်ဆောင်တော် ဆက်သည့် - ပစ္စည်းစာရင်း။
(စ) မော်ကွန်းတင်သက္ကရာဇ် - ခု - လ - ရက် - နေ့။
(ဆ) ဘုရားဒါယကာ၏ ရည်ရွယ်ချက်နှင့်။ မြေပန်ခြင်း။
------------------------
နံပါတ်(၂) ………… ဒုတိယကဏ္ဍ
(၁) ထိုဝတ္ထုကံ - လယ် - ယာ - မိုးမြေ ကျွန်းသီးတော်တို့ကို။ တည်တန့် ခုင်မြဲစေရန်။ ဘုရင်မင်း တြားတွင်။ ကမ္ဗျည်း မော်ကွန်း တင်ခြင်းနှင့်။ ပဌမ - မြေလှူစာရင်း။
(၂) မော်ကွန်းတင်သည့် အခြင်းအရာ။
------------------------
နံပါတ်(၃) ………… တတိယကဏ္ဍ
မော်ကွန်းတင်သောခါ၊ လက်ဆောင်တော်ဆက်သသည်ကို ဆိုခြင်းနှင့်။ မော်ကွန်းတင်ပေးသောမင်း။ မော်ကွန်းစာရေး။ မော်ကွန်းဆောင်တို့အား။ အသီးအသီး ပေးရသော အတီး - လက္ခ - စာရင်းကိုဆိုခြင်း။
------------------------
နံပါတ်(၄) ………… စတုတ္ထကဏ္ဍ
ဘုရားကျောင်းတို့ ပျက်ပြားသောအခါ၊ ပြုပြင်ရန်မြေနှင့်။ ဘုရားရှင်ကိုယ်စား။ ရုပ်ပွားတော်မြတ်အား။ နိစ္စဘတ်ဆွမ်းသင်ပုတ်ဝတ်ပြုရန် ကျွန်သီး။ သီတင်းသည် မိမ္မတရောက်။ ဆွမ်းသင်ပုတ်အလို့ငှါ။ လယ်မြေလှူသည်ကိုဆိုခြင်း။
------------------------

နံပါတ်(၅) ………… ပဉ္စမကဏ္ဍ
ထိုဝတ္ထုကံ ကောင်းမှုတို့အား။ နောင်လာနောက်သားတို့ ဖျက်စီးရန် မဝန့်စေခြင်းငှာ ငရဲကြီးခွန်နှစ်ထပ်တို့၏။ နေ့ရက်ကာလ အသက်ကိုပြ၍ ကျိမ်ဆိုခြင်း။ နီဗ္ဗာန်ဖြင့်ကျိမ်ဆိုခြင်း။ ပစ္စုပ္ပန် အပစ်ဒါဏ်တို့ဖြင့် ကျိမ်ဆိုခြင်း။ တမလွန် ဆင်းရဲဖြင့် ကျိမ်ဆိုခြင်း တည်းဟူသော (သပတ္တာကာရ) ပတ္ထနာကိုဆိုခြင်း။
------------------------
နံပါတ်(၆) ………… ဆဋ္ဌမကဏ္ဍ
ပစ္စုပ္ပန် - အနာဂါတ်ကိုငဲ့သော။ သြဒိဿ ပတ္တိဒါန ပတ္ထနာကိုဆိုခြင်း။
------------------------
နံပါတ်(၇) ………… သတ္တမကဏ္ဍ
အတိတ် - ပစ္စုပ္ပန်ကိုငဲ့သော။ သြဒိဿ ပတ္တိဒါန ပတ္ထနာကိုဆိုခြင်း။
ဤသို့အားဖြင့်။ ၇ - ပါးသော ကဏ္ဍတို့ဖြင့်။ ပိုင်းခြား၍ သိအပ်၏။
----------------------------------------------------
ကောက်နှုတ်ချက်
ထိုခုနစ်ကဏ္ဍတို့မှ လိုရာထုတ်နှုတ်၍။ သရုပ်ကိုဆိုပေအံ့။
နံပါတ်(၇) အတိတ် ပစ္စုပ္ပန်ကို ငဲ့သော။ သြဒိဿ ပတ္ထိဒါန ပတ္ထနာကိုဆိုရာ စကားရပ်နှိုက်။
……………… ငမောင် မုတ်ပေါက်မင်းမ ………….. ဖုရင်မင်တြာတွင် မော်ကွန်းတင်အံ့သောခါ ရိုရင်ပေသည်
……………… ငါနှင့်အတူရပါစေသောသြ။ ဝ ။
ဟူသောစကားရပ်နှိုက် (ငါနှင့်အတူရပါစေသော) ဟု အမျှပေးဝေသောသူသည် (ငမောင်) ဖြစ်၍။ ထို (ငမောင်) သည်ပင်။ ဘုရားဒါယကာဖြစ်ပေသည်။
(ငမောင်) ဟူ၍ - (င) တတ်၍ ငယ်မည်ကိုဆိုသဖြင့်။ ထို ဘုရားဒါယကာကို၊ ဆင်းရဲသား အသည်မျိုး' ဟူ၍ သိအပ်သည်။ ရာဇသင်္ကြံ ငမောက် - တွင်းသင်းမှူး ငနု။ ဟူ၍ ခေါ်ဝေါ်ရေးသား သကဲ့သို့တည်း။
ထိုစာ၏အဆုံး၌ (သြ) ဟူသော အက္ခရာသည်။ ဘုရားဟူ၍ အဓိပ္ပါယ်ရှိသော။ ပေါရာဏယ ဝေါဟာရဖြစ်သောကြောင့်။ မင်းတို့၏ ကောင်းမှုများမှာ ဤစကားကို ထည့်လေ့မရှိ။
(မုတ်ပေါက်မင်) ဟု နာမည်၏နောက်၌။ ဝိသေသနပုဒ်နှင့်တကွ ဆိုသောကြောင့် ထိုဘုရား ဒါယကာသည်။ အညတြ အပါကဏ္ဍမဟုတ်။ မြို့စားရွာစား အသနားခံရသော။ လူရည်ချွန်ပုဂ္ဂိုလ်ဖြစ် ကြောင်းကို သိအပ်ပေသည်။
(မုတ်ပေါက်) ဟူသည်မှာလည်း။ ကျောက်စာ၌ သံချောင်းချစ်ရာ ကူးသောအခါ ပါသွားခြင်း ကြောင့် ပြန်လိုက်ခြင်းဖြစ်သည်။
ကျောက်စာအမှန်မှာ (မုကပေါက်) ဤကဲ့သို့ ဖြစ်သည်။ ကျောက်ရေး ဆရာတို့။ သေးသေးတင်။ ဝစ္စပေါက် အောက်မြစ်များကို။ သုံးလေ့မရှိသဖြင့်။ ထိုစာမှာ (မူးကပေါက်) (မူးကံပေါက်) ဤကဲ့သို့ ဖြစ်နှိုင်သည်။
…………… မူး ကားချောင်းမြောင်းရိုးစွပ်ကို ခေါ်သည်။
ထိုအပိုဒ်နောက်က။ အစ၌ (မ) အက္ခရာ တစ်လုံးသာ ကျန်၍ ……… ဖုရင်မင်းတြာ။ ဟူသော ပုဒ်အကြားမှာ။ စာဆယ် ကိုးလုံးပျက်နေသဖြင့်၊ စလင်းသူကြီး မဟာသမန်း။ တောင်နောက်သူကြီး - သမန္တဘဒြာ စသည်တို့ကဲ့သို့။ ထိုဘုရားဒါယကာ၏ - ဂုဏ်ထူးမည်ရည်လည်း ဖြစ်နိုင်သည်။
သို့မဟုပ် - ဘုရင်မင်းတြား၏ နန်းတက်ဘွဲ့တံဆိပ်တော်လည်း ဖြစ်နိုင်သည်။
စာရေးပုံကိုထောက်ရှုလျှင် (မုတ်ပေါက်မင်၊) ဟူသော အပိုဒ်မှာ ပုဒ်တားထားပြီးမှ (မ) အက္ခရာ ရှိ၍ (ဖုရင်) ဟူသော ပုဒ်ရှေ့မှာ။ ပုဒ်တားမတွေ့ရသောကြောင့် ဖုရင် မင်းတြား၏ နန်းတက်ဘွဲ့တော် ဟူ၍ မှတ်ယူထိုက်ပေသည် ထိုဘွဲ့ကို ရှာသောအခါ။ အကြောင်းအမျိုးမျိုးနှင့် ညီညွတ်၍။ (မဟာသီဟ သူရ) ဟူသော ပြည့်စုံမင်း၏ ဘွဲ့တံဆိပ်တော်နှင့် အလွန်တိုက်ဆိုင်၍ နေပေသည်။
သို့ဖြစ်သောကြောင့်။ (မဟာသီဟသူရမည်သော) ဖုရင်မင်တြာတွင် ……… ဟု။ ကျောက်စာ ဖြစ်သင့်ပေသည်။
(မူးကံပေါက်)ဟူသည်လည်း။ ကံရွာ၏ ရှေးအမည်ပင်ဖြစ်ရန် ရှိပေသည်။
အကြောင်းကား …………
ယခုရှိသော ဆိတ်လူးကံကြီးကိုပင် (မူးကံပေါက်)ဟု ရှေးမဆွက ခေါ်တွင်ရန် အကြောင်း ရှိပေသည်။
ထိုကံကို မူးကံပေါက်ဟူ၍ မှည့်ခေါ်ဝေါရခြင်း အကြောင်းကား။
မူး၊ ဟူသည်မှာ။ မြစ် - ချောင်းအစရှိသည်တို့ကဲ့သို့ ရေမပြတ်စီးသည်မဟုတ်ဘဲ၊ ရေလာသည့် အခါ၊ ကမ်းပြည့် ကမ်းလျှမ်လာ၍၊ ပြသည့်အခါ ချောက်သွေ့နေသော - ရိုးစွပ်ရှိ မြှောင် ချောင်းမြောင်း တို့ကို မူးဟုခေါ်သည်။
ထိုမူးသည် ရေလာသောအခါ အလွန်ပြင်းပြင်းထန်ထန် လာတတ်သောကြောင့် ………… ရေလျှင် ရူးရူး။ မူးသို့တပ်ကြလဲစနောင်း) ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုကြလေသည်။
ယခုရှိသော ဆိပ်လူးကံကြီးလည်း။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ရေအားသန်သော ရိုးကြီးကို ပိတ်ဆီး၍ ထားသဖြင့် ရှေးအခါကာလ မိုးလေဝသ ကောင်းမွန်လှသည်ဖြစ်၍ နှစ်စဉ်နှစ်တိုင်းလိုလို ကျိုးပေါက်ဘန် များသဖြင့်။ ၎င်းကံကြီးကို (မူးကံပေါက်) ဟူ၍ ခေါ်တွင်ကြမည်ဖြစ်သည်။
ဥပမာပြောရလျှင်။ နွားထိုးကြီးမြို့ အရှေ့ဘက် - သေနပ်တပေါက်လောက်တွင် ရှိသော - ရိုးတခုကို ပိတ်ဆီး၍ထားသော လယ်ရေသောက် ကံသည်လည်း - ဤကဲ့သို့ပင် ကျိုးပေါက်ဖန်များ သဖြင့် ယခုထက်တိုင်ပင် ကံပေါက်ဟူ၍ ခေါ်တွင်လျှက်ရှိပေသည်။
ထိုမူးကံပေါက်နှင့်နှီးနွယ်၍ မူးကံပေါက်၏ အနီး၌ တည်ရှိသောရွာကိုလည်း မူးကံပေါက်ရွာဟူ၍ ပင်ခေါ်ဝေါ်ကြပေမည်။
ဥပမာ၊ ယ္ခုအောက်ချိုင်းရွာကို၊ သာစည် - ဟုမှည့်ခေါ်သော်လည်း။ အထက်ရွာအမည်နှင့်စပ်၍ ကံရွာဟူ၍ပင် ခေါ်သကဲ့သို့တည်း။
ယခုရှိသော ကံရွာသည် ကုန်းပေါ်မှာ တည်ရှိ၍။ ၎င်းကို ကံရွာ - ဟုမှည့်နိုင်လောက်အောင် ဤကံမှတပါး။ ကြီးကြီးကျယ်ကျယ် ကံမရှိလေသောကြောင့်။ ထိုရွာသည်သာ၊ မူးကံပေါက်ရွာ - ဖြစ်ပေသည်။
သို့ဖြစ်၍ မူးကံပေါက်ရွာသည်။ ကာလတာရှည်သည် တကြောင်း။ ဆိတ်လူးကံဟုအမည်သညာ ပြောင်းလာသည်တကြောင်း။ ဤသို့ စသည်တို့ကြောင့်။
မူးနှင့်ပေါက် ပျောက်၍ ခေါ်ဝေါ်လွယ်ရာကံရွာ ဟူ၍ပင် ယ္ခုထိခေါ်တွင်လာခဲ့ကြမည်ဖြစ်သည်။
ဤကဲ့သို့ အမည်တိမ်ကောသော်လည်း။ သဘောဝတ္ထုကား ယ္ခုမျက်မြင်ပင်ဖြစ်ပေသည်။
ထိုမူးကံပေါက်မှ၊ ဆိတ်လူးကံ ဟု ခေါ်တွင်လာရပြန်သည်မှာလည်း သက္ကရာဇ် -၁၁၈၅ - ခုနှစ်မှ အထက်ကာလ အတော်ကြာကပင်။ ထိုမူးကံပေါက်ကြီး၏ အနီး၌။ ဆိတ်လူးအမည်ရှိသော ရွာတရွာ ရှိခဲ့ပေသည်။
ထိုမူးကံပေါက်ကြီးသည်။ နောက်မှတည်သော ဆိတ်လူးရွာနှင့် အလွန်နီးစပ်နေသောကြောင့်။ ထို ဆိတ်လူးရွာနှင့်နွယ်၍ မူလအမည်ကို ပယ်ပြီးလျှင်။ ဆိတ်လူးကံဟု အများအပြားခေါ်တွင် လာကြသဖြင့်။ မသိသော နောက်လူများက။ အကြောင်းကင်းလျှက်နှင့်ပင်။ ယ္ခုထက်တိုင်အောင်။ အမည်ရင်းဟု မှတ်ထင်ခဲ့ကြသည်။
ဆိတ်လူးဟူသည် - ထိုကံ၏ အမည်ရင်းမဟုပ်။ ရွာ၏အမည်သာ အမှန်ဖြစ်ကြောင်းကို - ၁၁၈၅ - ခုနှစ်ရွှေကျောင်းနေ၊ နိသျည်းဆရာတော် ရှင်လင်္ကာသာရ ဘွဲ့ဆိုစီကုန်းခဲ့သော၊ ရှင်ပင်သာထွန်းဦး ဘုရားခေါင်းလောင်းဆုတောင်းစာ၌။
(နွားထိုး၊ တောင်ရုံး၊ သာဆုံးထန်းခွ၊ ထိုမှထန်းစဉ် စီလျှင်ဆိတ်လူး တထူးမည်သာ၊ ကံရွာအဆုံး၊ ပေါင်းရုံးခြောက်ရွာ၊ ဒါယကာတို့)ဟု ဖွဲ့ဆိုလျှက်ရှိသည်။
အဓိပ္ပါယ်မှာ …… နွားထိုး၊ ရုံးကုန်း၊ ထန်းခွ၊ ထန်းစဉ်၊ ဆိတ်လူး၊ ကံရွာ ၎င်းခြောက်ရွာသားတို့ ခေါင်းလောင်းသွင်းလှူပူဇော်ကြောင်းကို ပြဆိုပေသည်။
ထို့ကြောင့် ဆိတ်လူးသည် ထိုကံ၏ အမည်ရင်းမဟုပ်။ မူးကံပေါက်သည်သာလျှင် အမည်ရင်း ဖြစ်၍။ ယ္ခုကုန်းထက်၌ရှိသော ကံရွာသည်ကား မူးကံပေါက်ရွာ ဖြစ်ကြောင်းကို။ ဤမော်ကွန်းဖြင့်ပင် သိသာထင်ရှားပေသည်။
(မော်ကွန်းတင်အံ့သောခါသော) ဟူသော စာပိုဒ်နောက်၌ (ရိုရင်ပေသည်)ဟူသည်။ ရောင်းရင်း ဟူသော စကားနှင့် အတူတူဖြစ်၍။ ရင်းနှီးခြင်း။ အတူတကွ နေထိုင်ပေါင်းဘက်ခြင်း။ ငယ်ပေါင်း ကြီးဘော် - ဟူသော အဓိပ္ပါယ်ရှိသဖြင့်။ အတိတ် - ပစ္စုပ္ပန်ကို ငဲ့သောကြောင့်။ ရှေးကအတူတကွ နေထိုင်ခဲ့ဘူးသော။ ဆွေရင်းမျိုးချာ။ ယခု မော်ကွန်းတင်ရာတွင်။ အတူတကွရှိကြကုန်သော။ မင်းပရိသတ် အစရှိသော သူတို့ကိုပြသည်။
ထိုစာပိုဒ်နောက်၊ စာလေးလုံး ငါးလုံးလောက် ပျက်ပြီးမှ (ငါနှင့်အတူ) ဟူသော စကားကို တွေ့ရသဖြင့် ကျောက်စာ၏ သဘောမှာ (ရိုရင်ပေသည် သူခပ်သိမ်းအားလည်း)ဟူ၍ ဖြစ်သင့်ပေသည်။
သို့ဖြစ်၍ - နံပါတ်(၇) သတ္တမကဏ္ဍစကားရပ်ကို အပြည့်အစုံဆိုပါမူ။
(ငမောင်မူးကံပေါက်မင်း။ မဟာသီဟသူရ အမည်တော်ရှိသော ဖုရင်မင်တြာတွင် မော်ကွန်းတင်အံ့သောအခါသော် ရိုးရင်းပေသည့် သူခပ်သိမ်းအားလည်း ငါနှင့်အတူ ရပါစေသော သြ။ ဝ ။ ဟူ၍ ဖြစ်သင့်ပေသည်။
အဓိပ္ပါယ်မှာ။ ငမောင် မူးကံပေါက်မင်း မော်ကွန်းတင်သောအခါနှိုက် အတူတကွ ပုဆစ်တုတ် ကြသော မင်းများအားလုံးသည် ငါနှင့်အတူတကွရပါစေသောဟု၊ အထူးအမျှပေးဝေခြင်း ဖြစ်ပေသည်။
မှတ်ချက်။ ဘုရားသမိုင်းစာအုပ်အဟောင်းလေးကို မပျက်စီးရအောင် ကော်ပီကူးထားတာလေးပါ။ စာအုပ်က တော်တော်ဟောင်းနေလို့ စာရွက်တောင်မနဲလှန်ယူရပါတယ်ဗျာ။ 

December 2, 2011

နွားထိုးကြီးမြို့နယ်အတွင်းက ဝတီးမြို့ဟောင်း

ဝတီးမြို့ဟောင်းသည် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ အုတ်တွင်း၊ ကျီးကန်၊ ဘုရားကြီးရွာ (၃)ရွာအကြား၌ တည်ရှိပြီး ဘုရားကြီးကျေးရွာနှင့် ပို၍ နီးစပ်ပါသည်။ မြေပုံအညွှန်း အကွက်အမှတ် (၈၄ အို ၁၁)တွင် တည်ရှိပြီး အရှေ့လောင်ဂျီတွဒ် ၅၉ ဒီဂရီ၊ ၄၂ မိနစ်နှင့် မြောက်လက်တီတွဒ် ၂၂ ဒီဂရီ၊ ၂၂ ဒသမ ၅ မိနစ်တွင် တည်ရှိပါသည်။

ဝတီးဟု ခေါ်တွင်ခြင်းမှာ ဘုရားကြီးကျေးရွာ ရွှေမုဌောဘုရားအတွင်းရှိ ကျောက်စာ အပိုဒ် ၆ အရ ခေါ်ခြင်းဖြစ်သည်။ ဦးစိန်ရည်၏ ပျူတပ်မြို့များအကြောင်း ဆောင်းပါးအရ စတီးမြို့ဟု ဖော်ပြထားပြီး သရေခေတ္တရာ ပျူခေတ်၏ ပျူတပ်မြို့ ၉ မြို့တွင် ပါဝင်ခဲ့သော မြို့ဖြစ်ကြောင်းသိရသည်။ ပျူတပ်မြို့များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ဟန်မင်းဆက် သမိုင်းမှတ်တမ်းတွင် ဝတီးမြို့ကို မိနော့တောက်လိ (Mi_Ni_Tao_Li) ဟု ဖော်ပြထားသည်။ ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမောမြို့များနှင့် ခေတ်ပြိုင်ဖြစ်ကြောင်း သိရသည်။

ဝတီးမြို့သည် အဝိုင်းပုံသဏ္ဍာန်ရှိပြီး အနောက်ဘက်မြို့ရိုးသည် ၀ ဒသမ ၇၅ မိုင်ခန့်ရှည်ပြီး၊ မြောက်ဘက်မြို့ရိုးသည်လည်း ၀ ဒသမ ၇၅ မိုင်ခန့်ရှည်ပါသည်။ အရှေ့ဘက်မြို့ရိုးမှာ ၀ ဒသမ ၆၃ မိုင်ခန့် (၁၆၅၀ ပေ) ခန့်ရှည်၍ တောင်ဘက်မြို့ရိုးသည် မိုင်ဝက်သာသာရှိသည်။ ယဉ်ကျေးမှု အဆင့်အတန်း မြင့်သော ရှေးပျူမြို့ဟောင်းဖြစ်ကြောင်း သိရသည်။

ရှင်ပင်သာဒွန်းဦးမြတ်စွာဘုရား

ရှင်ပင်သာဒွန်းဦး မြတ်စွာဘုရားသည် နွားထိုးကြီးမြို့၏ အထင်ကရ မြို့ကျက်သရေဆောင် တန်ခိုးကြီး မြတ်စွာဘုရား ဖြစ်သည်။

သမိုင်းအကျဉ်း
နွားဓိုရ် ဟုအမည်တွင်သော ကျေးရွာမှ နွားကျောင်းသားလေး မောင်သာဒွန်းဦး ကျောင်းသော နွားများထဲမှ နွားတစ်ကောင်သည် ဦးချိုသွေးရာမှ စေတီတော်တစ်ဆူ ပေါ်တော်မူခဲ့သည်။ အဆိုပါပေါ်တော်မူ စေတီ တစ်ဆူကို ရသေ့ရှင်နိုင်စံ၏ ဗျာဒိတ်ဖြင့် ဌာပနာပြုတည်ထား ကိုးကွယ်ခဲ့ရာမှ ရှင်ပင်သာဒွန်းဦး အမည် တွင်ခဲ့သည်ဟူသော စကားများအရသိရသည်။ ပုဂံခေတ်ဦးပိုင်း ကွမ်းဆော်ကြောင်ဖြူမင်းလောင်းသည် ကွမ်းထမ်းရောင်းရာ လမ်းခရီးတစ်ထောက်နားနေစဉ် သီကြားမင်း၏ စောင်မမှုဖြင့် ကွမ်းဆော်ကြောင်ဖြူမင်း ဖြစ်ခဲ့ရသည်ဟူသော သမိုင်းကြောင်းနှင့် အနည်းငယ် ဆင်တူသော စကားရှိခဲ့သည်။ အဆိုပါမင်းသည် မင်းမဖြစ်မီ အချိန်များက ရှင်ပင်သာဒွန်းဦးဘုရားတွင် သူမင်းဖြစ်ချိန်တွင် ဤဘုရားအား ကောင်းမွန်စွာ တည်ထား ကိုးကွယ်မည်ဟူသော သစ္စာစကားဆိုခဲ့ဖူးသည်။ ထို့ကြောင့်မင်းဖြစ်ချိန်တွင် ဘုရားအား ပြုပြင် မွမ်းမံ ကိုးကွယ်ခဲ့လေသည်။

 

တည်ထားဖွဲ့စည်းမှု

စေတီတော်ကို ဘုံ(၇)နှင့် သစ်သားပြသာဒ်တော်ဖြင့် ငုံ၍တည်ထားခြင်း ဖြစ်သည်။ စေတီတော်အား ငုံထားသော ဘုံပြသာဒ်တော်ကြီးကို သစ်သားတိုင်လုံးပေါင်း (၅၉)တိုင်ဖြင့် တည်ထားခြင်းဖြစ်သည်။ ဦးစီးပဒါန နာယက ဆရာတော်အဖြစ် ဘုရားခြေရင်းတွင် ရှိသော ရွှေကျောင်း မှ ဆရာတော် အဆက်ဆက်က တာဝန်ယူ ထိန်းသိမ်းခဲ့ကြသည်။ ထို့ပြင် စေတီတော်၏ တောင်ဘက်တွင် ဗုဒ္ဓဂါယာမှ မျိုးစေ့ ယူဆောင် စိုက်ပျိုးထားသော ဗောဓိညောင်ပင် တည်ရှိသည်။

လောလောဆယ် ယေဘုယျမျှသာ တင်ပြထားခြင်းဖြစ်ပါသည်။ ထို့ထက်ပိုမိုပြည့်စုံသည့် အချက်အလက်များ သိရှိပါက ပေးပို့ကြပါရန် ပန်ကြားအပ်ပါသည်။

December 1, 2011

About the Natogyi (Shwe_Toe_Myay)

History
At the time of King Swasawke, king of the Innwa first dynasty, in the Myanmar year 763, the town was called "Nwa_Dho"(နွားဓိုရ်) as a village. It means theat Nwa = Cow  and Dho = Herd , so the village witch herd the cow said by the researcher. Some named the village as Nwa_To နွားတိုး meaning Nwa = Cow  and To = Prospered because the villager prospered by breeding the cow. There is a presumption as the name was change Nwa_Dho to Nwa_To to Natogyi according by the Shin_Pin_Tha_Dohn_Oo pagoda's bell inscription in 1267 in Myanmar year. It was demarcated by 6 wards, 64 village tracts and 186 villages by the order no of 103/49 branch(1) by the Ministry of Home Affairs and Religious Affairs at July 31, 1972.

(The natives call their town as Shwe_Toe_Myay meaning the land which may be prospered by gold and the natives are called Shwe_Toe_Tha meaning who live in Shwe_Toe_Myay(Natogyi)
Location
Natogyi township administration is under the Myingyan district under the Mandalay Regional Division. It is located between the latitude 21° 17' 34" North and 21° 38' 42" North and between longitude 95° 27' 54" East and 95° 58' 32" East. The Map Code is L085995.
Border
Natogyi township is bordered with Myittha tsp at the east, Myingyan tsp at the west, Ngazon tsp at the north and Taungtha tsp, Mahlaing tsp and Wundwin tsp at the south.
Area
The area of township is 481.20 sq miles, 307968 in acres. It is long 30 miles and 3 furlons from east to west and wide 22 miles and 2 furlons from north to south.
Climate
The township is located in the middle dry zone of the country and the average temperature of the township is 41° C highest and 36.1° C lowest. The raining days per year is 32 to 55 days and the rainfall is 21 to 43 inches.

To Read this Post in Myanmar Click Here

နွားထိုးကြီးမြို့ သမိုင်းအကျဉ်း


သမိုင်းအကျဉ်း
သက္ကရာဇ်(၇၆၃)ခုနှစ်၊ အင်းဝပထမ မင်းကြီးစွာဆော်ကဲ လက်ထက်တွင် “နွားဓိုရ်” ရွာ အဖြစ်တည်ရှိကြောင်း၊ ကျောက်စာအရ “နွားဓိုရ်” ဟူသည် နွား=နွား+ဓိုရ်=ဓူဝ=အလေ့အကျင့်၊ နွားများကို ထိန်းကျောင်းလေ့ကျင့်သော ရွာဟု ခေါ်ဝေါ်ကြောင်း သုတေသီများကဆိုသည်။ တစ်ချို့မှလည်း နွားများဖြင့် အသက်မွေး၍ တိုးတက်ကြီးပွား သောကြောင့် နွားတိုးဟု သမုတ်ကြပါသည်။ ကာလရွေ့လျားလာပြီး နွားဓိုရ် - နွားတိုး မှ နွားထိုးကြီးဟု ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်နိုင်ကြောင်း ကောဇာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ရှင်ပင်သာဒွန်းဦး ဘုရားခေါင်းလောင်းစာအရ ယူဆရပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃/၄၉ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၄)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၈၆)ရွာ ပါဝင်၍ဖွဲ့စည်းထားသော မြို့နယ်ဖြစ်ပါသည်။

တည်နေရာ
မန္တလေးတိုင်း၊ မြင်းခြံခရိုင် အတွင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် (၂၁)ဒီဂရီ (၁၇)မိနစ် (၃၄)စက္ကန့် နှင့် (၂၁)ဒီဂရီ (၃၈)မိနစ် (၄၂)စက္ကန့် အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၇)မိနစ် (၅၄)စက္ကန့် နှင့် (၉၅)ဒီဂရီ (၅၈)မိနစ် (၃၂)စက္ကန့် အတွင်းတည်ရှိပါသည်။ မြေပုံအညွှန်း (L 085995) ဖြစ်ပါသည်။

အကျယ်အ၀န်း
အရှေ့နှင့်အနောက် (၃၀)မိုင် (၃)ဖာလုံ၊ တောင်နှင့်မြောက် (၂၂)မိုင် (၂)ဖာလုံ ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၄၈၁၂၀) ကျယ်ဝန်းပါသည်။ ဧကအားဖြင့် (၃၀၇၉၆၈) ဧက ကျယ်ဝန်းပါသည်။  

နယ်နမိတ်
အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ တံတားဦးမြို့နယ်မြစ်သားမြို့နယ် နှင့် တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် တောင်သာတို့နှင့် ထိစပ်ပါသည်။  အရှေ့ဘက်တွင်

မြေမျက်နှာသွင်ပြင်
မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုမရှိဘဲ ကုန်းမြင့်ချိုင့်ဝှမ်းနှင့် ဆင်ခြေလျောများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လှိုင်းတွန့်သဏ္ဍာန်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး(၄၃၇)ပေနှင့် အမြင့်ဆုံး(၁၃၀၆)ပေ ဖြစ်ပြီး မြို့တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် (၇၅၅)ပေ အမြင့်တွင် တည်ရှိပါသည်။  

ရာသီဥတု
မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်ပြီး အပူပိုင်းဇုံတွင် ကျရောက်သဖြင့် တစ်နှစ်ပတ်လုံး ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်ပါသည်။ မြို့နယ်၏ အမြင့်ဆုံးအပူချိန် (၄၁)ဒီဂရီစင်တီဂရိတ်နှင့် အနမ့်ဆုံးအပူချိန် (၃၆.၁) ဒီဂရီစင်တီဂရိတ်အတွင်းရှိပြီး မိုးရွာရက်ပေါင်း (၃၂)ရက်မှ (၅၅)ရက်နှင့် မိုးရေချိန် (၂၁)လက်မမှ (၄၃)လက်မအထိ ရွာသွန်းပါသည်။

သစ်တောသစ်ပင်ပေါက်ရောက်မှု
အပူပိုင်းဒေသဖြစ်သဖြင့် ဆူးနှင့် အစေးပါသော (ရှား၊ သန်း၊ ဒဟတ်၊ ထနောင်း၊ တမာ၊ ဇီး၊ ကုက္ကို၊ မကျည်း၊ ကန္တာရ၊ နဘူး၊ ဆူးရစ်)အပင်များ ပေါက်ရောက်ပါသည်။  

ရှားပါးသတ္တ၀ါနှင့် ထူးခြားသတ္တ၀ါများ
ရှားပါးသတ္တ၀ါနှင့် ထူးခြားသတ္တ၀ါများအဖြစ် မင်းစုံတောင်ဘေးမဲ့တောတွင် အောက်ပါတောရိုင်းသတ္တ၀ါများ ရှိပါသည်။

နို့တိုက်သတ္တ၀ါများ
  • ဂျီ
  • ခွေးအ
  • တောကြောင်
  • ကြောင်ဝံပို
ငှက်သတ္တ၀ါများ
  • စွေ့
  • နဖါး
  • ကြူး
  • အမြီးဝိုင်းငှက်များ
တွားသွားသတ္တ၀ါ
  • ကြယ်လိပ် (Myanmar Star Tortoise) နှင့်
  • ကင်းလိပ် (Yellow Tortoise )
ထင်ရှားသော စေတီပုထိုးများ
နွားထိုးကြီးမြို့ရှင်ပင်သာထွန်းဦးမြတ်စွာဘုရား၊ ပုဂံခေတ် ရှင်အရဟံ သိမ်သမုဒ်ခဲ့သည့် ရှင်အရဟံသိမ်များအနက်မှ မကျီးကန်သိမ်၊ တပါယ်သိမ်၊ မလည်သိမ်၊ တစိုးဒါန်းတိုင် ဘုန်းတော်ကြီးကျောင်းတို့ ရှိပါသည်။

အထွေအထွေ
မြင်းခြံ-မန္တလေး ကားလမ်းမနှင့် ပုဂံ-မြို့သာ-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိပြီး မြင်းခြံမြို့မှ အရှေ့ဘက် ၁၉ မိုင်ကွာဝေးပါသည်။ အဓိက စိုက်ပျိုးသီးနှံများမှာ ဝါဂွမ်း၊ ထန်းနှင့် ပဲအမျိုးမျိုးဖြစ်ပါသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နွားထိုးကြီးမြို့၏ အရှေ့ဘက် ပြင်စည်ကျေးရွာအနီးမှ ဖြတ်သန်းဖောက်လုပ်ထားပါသည်။ ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်ပါသည်။ နွားထိုးကြီးမြို့၏ အထင်ရှားဆုံးသော တန်ခိုးကြီးဘုရားဖြစ်သော ရှင်ပင်သာထွန်းဦးဘုရား ၏ ဘုရားပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ ပျူတပ်မြို့ (၉)မြို့ အနက်မှ ၀တီးမြို့ဟောင်း(စတီးဟုလည်း ခေါ်ကြသည်။)သည် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် တွင် တည်ရှိပါသည်။ ယခုအခါ ရှေးဟောင်းသုတေသန ဌာနမှ မြို့ဟောင်းကို ပြန်လည် တူးဖော်လျှက်ရှိပါသည်။ အဆိုပါဒေသမှ ပျူခေတ် ရှေးဟောင်းပျူပုတီး/ချင်းပုတီး များ တူးဖော် တွေ့ရှိရသည်။ ယခုအခါ ဒေသခံပြည်သူများမှ ဆက်လက်ထုတ်လုက်လျှက်ရှိကြသည်ကို တွေ့ရှိရသည်။

ဒီပို့စ်လေးကို အင်္ဂလိပ်လို ဖတ်ဖို့ ဒီမှာနှိပ်ပါ

November 28, 2010

ဝတီးမြို့ဟောင်း တတိယအကြိမ်တူးဖော်ရာမှ ပျူခေတ်အစောပိုင်း ယဉ်ကျေးမှုများ တူးဖော်တွေ့ရှိ

ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ဆွေခေါင်းဆောင်၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့် သမိုင်းသုတေသနဦးစီးဌာနအရာထမ်း၊ အမှုထမ်းများ ပါဝင်သော အဖွဲ့သည် ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၉ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ဝတီးမြို့ဟောင်း တူးဖော်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ 




သတင်းစာ စာမျက်နှာ

အကျယ်ဧက ၃၂ဝ ရှိ ဝတီးမြို့ဟောင်းသည် အဝိုင်းပုံမြို့ဟောင်းဖြစ်ပြီး သရေခေတ္တရာ၊ ပင်လယ်နှင့် ဝေသာလီမြို့ဟောင်းတို့ထက် အရွယ်ငယ်ပြီး သာဂရမြို့ဟောင်းထက်ကြီးသော ပျူမြို့ဟောင်းတစ်ခုဖြစ်သည်။ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်၊ ၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာရေးနှစ်တွင် ဒုတိယအကြိမ်နှင့်ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင်တတိယအကြိမ်အဖြစ် ဆက်လက်တူးဖော်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ဝတီးမြို့ဟောင်းတူးဖော်မှုမှ ကြေးခြူ၊ ကြေးပြား၊ ရှပ်ဒိုးပြား၊သဲကျောက်ပြား၊ ယောက်သွားခွံ၊ လချေးပြား၊ မီးသွေးစ၊ သန်လျက်၊ သံမှို အစရှိသည်တို့ကို တွေ့ရှိရသည်။ ဝတီးမြို့ဟောင်း တူးဖော်မှုမှ သေသူကို ပကတိမြှုပ်နှံသည့်ဓလေ့နှင့် မီးရှို့၍ အရိုးနှင့်ပြာကို အိုးတွင်ထည့်သွင်းမြှုပ်နှံသည့်ဓလေ့တို့ကို တွေ့ရှိရသည်။ ဝတီးမြို့ဟောင်းမှ တွေ့ရှိရသော ပစ္စည်းများ၊ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများသည်ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့နှင့်တူညီသဖြင့် ဝတီးမြို့ဟောင်းသည် ပျူမြို့ဟောင်းဖြစ်ကြောင်း သက်သေထူနိုင်ခဲ့သည်။

ဝတီးမြို့ဟောင်း အနောက်ဘက်မြို့ရိုး၏ အရှေ့ဘက် ပေ ၂ဝဝ ခန့်အကွာကုန်းအမှတ် WD 5 ၏ တောင်ဘက်သို့ပေါ်ထွက်နေသော အုတ်ရိုးတန်း WD 5B ကို တူးဖော်ခြင်းဖြစ်သည်။ အလျား၆၅ ပေ၊ အနံ နှစ်ပေ ၁ဝ လက်မ၊ အမြင့်သုံးပေ သုံးလက်မရှိ အုတ်လွှား ၁၃ လွှားပါရှိသော အရှေ့မှအနောက်သို့ တန်းနေသော အုတ်ရိုးတန်းဖြစ်သည်။ ယင်းအုတ်ရိုးတန်း၏ အနောက်ဘက်အဆုံး၌အလျား ၁၅ ပေ နှစ်လက်မ၊ အနံ တစ်ပေနှစ်လက်မ၊ အမြင့် သုံးပေ သုံးလက်မတောင်မြောက်တန်းနေသော အုတ်ရိုးတန်းနှင့် မြောက်ဘက်အစွန်ဆုံးတွင်တောင်ဘက်ကပ်လျက် အရှေ့အနောက်တန်းနေသော အလျား ၂၈ ပေ၊ အနံ တစ်ပေ သုံးလက်မ၊ အမြင့် သုံးပေ သုံးလက်မရှိ အုတ်ရိုးတန်းဖြစ်သည်။ ယင်းအုတ်ရိုးတန်း၏ တောင်ဘက်တွင် အလျား ၃၄ပေ၊ အနံ လေးပေ၊ အမြင့် တစ်ပေ နှစ်လက်မရှိ အရှေ့အနောက်တန်းနေသောအုတ်ကြမ်းခင်း တွေ့ရှိရသည်။ ယင်းအုတ်ရိုးတန်းများမှာ အဆောက်အအုံ၏အုတ်ပန္နက်များပင်ဖြစ်သည်။ အဆောက်အအုံ၏ အတိုင်းအတာမှာ တောင်မြောက် ၇၅ ပေရှိ အနောက်ဘက်အုတ်ရိုး၊တောင်မြောက် ၆၂ ပေရှိ အရှေ့ဘက်ခြမ်း၊ ၆၅ ပေရှိ မြောက်ဘက်ခြမ်းတို့ပါဝင်သည်။ တူးဖော်သုတေသန ပြုလုပ်မှုတွင် ဆီမီးခွက်အများအပြား တွေ့ရှိရသဖြင့် အဆောက်အအုံသည် ဘာသာရေးနှင့်ဆိုင်သော အဆောက်အအုံဖြစ်နိုင်ကြောင်း၊ ထို့ပြင် ရှပ်ဒိုးပြား တစ်ခု၊ မြေဂျင်သီး တစ်လုံး၊ မြေဆီမီးခွက် နှစ်ခုနှင့်အိုးခြမ်းပဲ့များကို ဆက်လက်တူးဖော်ရာတွင် တွေ့ရှိရသည်။ ကုန်းအမှတ် WD 5B တွင် အသုံးပြုသော အုတ်အရွယ်အစားများမှာ ၁၇ လက်မ x ၁ဝ လက်မ x ၃လက်မ အရွယ်၊ ၁၆ လက်မ x ၁ဝလက်မ x ၃ လက်မ အရွယ်နှင့် ၁၇ ဒသမ၅ လက်မ x ၁ဝ လက်မ x ၃ လက်မအရွယ်ရှိပြီး အချို့တွင် လက်စင်းရာများပါရှိသည်။

မြစ်သား-နွားထိုးကြီး ကားလမ်းမှဘုရားကြီးကျေးရွာသို့ သွားသော ကားလမ်း၏ ယာဘက်တွင် တည်ရှိသည်။ကွေ့ဝိုက်နေသော အနောက်ဘက်မြို့ရိုးနေရာဖြစ်ပြီး အလျား ၉၂ ပေ၊ အနံ ၁၂ပေ၊ အမြင့် ငါးပေရှိသည်။ အပေါ်ယံမြေလွှာမှ လေးပေအနက်တွင် အလျား၁၂ လက်မ၊ အနံ ခုနစ်လက်မ၊ ဒု လေးလက်မအရွယ် သဲကျောက်တုံးများ စီထားသည်ကို တွေ့ရှိရသည်။ သဲကျောက်တုံးများ၏ အောက်ဘက်ကပ်လျက် Datum Line Level မှ မြေအနက် ငါးပေတွင်အုတ်အမြင့် ရှစ်လက်မခန့် စီထားပြီးအောက်တွင် ထုထောင်းထားသော မြေကျစ်လွှာဒု ခြောက်လက်မခင်းထားသည်။ ကွေ့ဝိုက်နေသော အနောက်ဘက်မြို့ရိုး၏ မြေလွှာကို သစ်ဆွေးရော မြေလွှာ၊ သဲမြေလွှာ၊ အုတ်ကျိုးလွှာနှင့် ထုထောင်းထားသော မြေကျစ်လွှာတို့အဖြစ်အဆင့်ဆင့် တွေ့ရှိရသည်။

၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဝတီးမြို့ဟောင်းတူးဖော်သုတေသနပြုမှုသည် ကုန်းအမှတ် WD 5B ဘာသာရေး အဆောက်အအုံအပြီးသတ်တူးဖော်မှုနှင့် ကုန်းအမှတ် WD 6 မြို့ဟောင်း၏ အနောက်ဘက်မြို့ရိုးတို့ကို တူးဖော်ခြင်းဖြစ်သည်။ တူးဖော်တွေ့ရှိရသော အထောက်အထားများအရ ဝတီးမြို့ဟောင်းသည် မြို့ပြယဉ်ကျေးမှု၏ အစောပိုင်းကာလ(သို့)ပျူခေတ်ဦးကာလက တည်ဆောက်ခဲ့သော မြို့ဖြစ်ဟန်ရှိပြီး တွေ့ရှိရသောအိုးခြမ်းပဲ့များကိုလေ့လာရာ၌ သံခေတ်သုံး မြေအိုးများ၊ ပျူခေတ်ဦးကာလမြေအိုးခြမ်းပဲ့များ ဖြစ်ကြောင်းနှင့်ပျူခေတ်ဦးကာလမြို့ဟောင်းတစ်ခု ဖြစ်ကြောင်း သုံးသပ်နိုင်သည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ရှေးအတိတ်ကာလမှ ယနေ့တိုင် ကြွင်းကျန်တည်ရှိနေသော ယဉ်ကျေးမှုသမိုင်း အထောက်အထားများကို မြန်မာနိုင်ငံအနှံ့ ရှာဖွေလေ့လာ၍ တူးဖော်သုတေသနပြုလျက်ရှိကြောင်း သတင်းရရှိသည်။

Ref; ၂၈-၁၁-၂၀၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၇