December 1, 2011

နွားထိုးကြီးမြို့ သမိုင်းအကျဉ်း


သမိုင်းအကျဉ်း
သက္ကရာဇ်(၇၆၃)ခုနှစ်၊ အင်းဝပထမ မင်းကြီးစွာဆော်ကဲ လက်ထက်တွင် “နွားဓိုရ်” ရွာ အဖြစ်တည်ရှိကြောင်း၊ ကျောက်စာအရ “နွားဓိုရ်” ဟူသည် နွား=နွား+ဓိုရ်=ဓူဝ=အလေ့အကျင့်၊ နွားများကို ထိန်းကျောင်းလေ့ကျင့်သော ရွာဟု ခေါ်ဝေါ်ကြောင်း သုတေသီများကဆိုသည်။ တစ်ချို့မှလည်း နွားများဖြင့် အသက်မွေး၍ တိုးတက်ကြီးပွား သောကြောင့် နွားတိုးဟု သမုတ်ကြပါသည်။ ကာလရွေ့လျားလာပြီး နွားဓိုရ် - နွားတိုး မှ နွားထိုးကြီးဟု ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်နိုင်ကြောင်း ကောဇာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ရှင်ပင်သာဒွန်းဦး ဘုရားခေါင်းလောင်းစာအရ ယူဆရပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃/၄၉ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၄)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၈၆)ရွာ ပါဝင်၍ဖွဲ့စည်းထားသော မြို့နယ်ဖြစ်ပါသည်။

တည်နေရာ
မန္တလေးတိုင်း၊ မြင်းခြံခရိုင် အတွင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် (၂၁)ဒီဂရီ (၁၇)မိနစ် (၃၄)စက္ကန့် နှင့် (၂၁)ဒီဂရီ (၃၈)မိနစ် (၄၂)စက္ကန့် အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၇)မိနစ် (၅၄)စက္ကန့် နှင့် (၉၅)ဒီဂရီ (၅၈)မိနစ် (၃၂)စက္ကန့် အတွင်းတည်ရှိပါသည်။ မြေပုံအညွှန်း (L 085995) ဖြစ်ပါသည်။

အကျယ်အ၀န်း
အရှေ့နှင့်အနောက် (၃၀)မိုင် (၃)ဖာလုံ၊ တောင်နှင့်မြောက် (၂၂)မိုင် (၂)ဖာလုံ ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၄၈၁၂၀) ကျယ်ဝန်းပါသည်။ ဧကအားဖြင့် (၃၀၇၉၆၈) ဧက ကျယ်ဝန်းပါသည်။  

နယ်နမိတ်
အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ တံတားဦးမြို့နယ်မြစ်သားမြို့နယ် နှင့် တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် တောင်သာတို့နှင့် ထိစပ်ပါသည်။  အရှေ့ဘက်တွင်

မြေမျက်နှာသွင်ပြင်
မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုမရှိဘဲ ကုန်းမြင့်ချိုင့်ဝှမ်းနှင့် ဆင်ခြေလျောများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လှိုင်းတွန့်သဏ္ဍာန်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး(၄၃၇)ပေနှင့် အမြင့်ဆုံး(၁၃၀၆)ပေ ဖြစ်ပြီး မြို့တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် (၇၅၅)ပေ အမြင့်တွင် တည်ရှိပါသည်။  

ရာသီဥတု
မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်ပြီး အပူပိုင်းဇုံတွင် ကျရောက်သဖြင့် တစ်နှစ်ပတ်လုံး ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်ပါသည်။ မြို့နယ်၏ အမြင့်ဆုံးအပူချိန် (၄၁)ဒီဂရီစင်တီဂရိတ်နှင့် အနမ့်ဆုံးအပူချိန် (၃၆.၁) ဒီဂရီစင်တီဂရိတ်အတွင်းရှိပြီး မိုးရွာရက်ပေါင်း (၃၂)ရက်မှ (၅၅)ရက်နှင့် မိုးရေချိန် (၂၁)လက်မမှ (၄၃)လက်မအထိ ရွာသွန်းပါသည်။

သစ်တောသစ်ပင်ပေါက်ရောက်မှု
အပူပိုင်းဒေသဖြစ်သဖြင့် ဆူးနှင့် အစေးပါသော (ရှား၊ သန်း၊ ဒဟတ်၊ ထနောင်း၊ တမာ၊ ဇီး၊ ကုက္ကို၊ မကျည်း၊ ကန္တာရ၊ နဘူး၊ ဆူးရစ်)အပင်များ ပေါက်ရောက်ပါသည်။  

ရှားပါးသတ္တ၀ါနှင့် ထူးခြားသတ္တ၀ါများ
ရှားပါးသတ္တ၀ါနှင့် ထူးခြားသတ္တ၀ါများအဖြစ် မင်းစုံတောင်ဘေးမဲ့တောတွင် အောက်ပါတောရိုင်းသတ္တ၀ါများ ရှိပါသည်။

နို့တိုက်သတ္တ၀ါများ
  • ဂျီ
  • ခွေးအ
  • တောကြောင်
  • ကြောင်ဝံပို
ငှက်သတ္တ၀ါများ
  • စွေ့
  • နဖါး
  • ကြူး
  • အမြီးဝိုင်းငှက်များ
တွားသွားသတ္တ၀ါ
  • ကြယ်လိပ် (Myanmar Star Tortoise) နှင့်
  • ကင်းလိပ် (Yellow Tortoise )
ထင်ရှားသော စေတီပုထိုးများ
နွားထိုးကြီးမြို့ရှင်ပင်သာထွန်းဦးမြတ်စွာဘုရား၊ ပုဂံခေတ် ရှင်အရဟံ သိမ်သမုဒ်ခဲ့သည့် ရှင်အရဟံသိမ်များအနက်မှ မကျီးကန်သိမ်၊ တပါယ်သိမ်၊ မလည်သိမ်၊ တစိုးဒါန်းတိုင် ဘုန်းတော်ကြီးကျောင်းတို့ ရှိပါသည်။

အထွေအထွေ
မြင်းခြံ-မန္တလေး ကားလမ်းမနှင့် ပုဂံ-မြို့သာ-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိပြီး မြင်းခြံမြို့မှ အရှေ့ဘက် ၁၉ မိုင်ကွာဝေးပါသည်။ အဓိက စိုက်ပျိုးသီးနှံများမှာ ဝါဂွမ်း၊ ထန်းနှင့် ပဲအမျိုးမျိုးဖြစ်ပါသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နွားထိုးကြီးမြို့၏ အရှေ့ဘက် ပြင်စည်ကျေးရွာအနီးမှ ဖြတ်သန်းဖောက်လုပ်ထားပါသည်။ ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်ပါသည်။ နွားထိုးကြီးမြို့၏ အထင်ရှားဆုံးသော တန်ခိုးကြီးဘုရားဖြစ်သော ရှင်ပင်သာထွန်းဦးဘုရား ၏ ဘုရားပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ ပျူတပ်မြို့ (၉)မြို့ အနက်မှ ၀တီးမြို့ဟောင်း(စတီးဟုလည်း ခေါ်ကြသည်။)သည် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် တွင် တည်ရှိပါသည်။ ယခုအခါ ရှေးဟောင်းသုတေသန ဌာနမှ မြို့ဟောင်းကို ပြန်လည် တူးဖော်လျှက်ရှိပါသည်။ အဆိုပါဒေသမှ ပျူခေတ် ရှေးဟောင်းပျူပုတီး/ချင်းပုတီး များ တူးဖော် တွေ့ရှိရသည်။ ယခုအခါ ဒေသခံပြည်သူများမှ ဆက်လက်ထုတ်လုက်လျှက်ရှိကြသည်ကို တွေ့ရှိရသည်။

ဒီပို့စ်လေးကို အင်္ဂလိပ်လို ဖတ်ဖို့ ဒီမှာနှိပ်ပါ

No comments:

Post a Comment

အကြံပြုချက်တစ်ခုခု ရေးခဲ့ပါ....