November 28, 2010

ဝတီးမြို့ဟောင်း တတိယအကြိမ်တူးဖော်ရာမှ ပျူခေတ်အစောပိုင်း ယဉ်ကျေးမှုများ တူးဖော်တွေ့ရှိ

ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ဆွေခေါင်းဆောင်၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့် သမိုင်းသုတေသနဦးစီးဌာနအရာထမ်း၊ အမှုထမ်းများ ပါဝင်သော အဖွဲ့သည် ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၉ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ဝတီးမြို့ဟောင်း တူးဖော်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ 




သတင်းစာ စာမျက်နှာ

အကျယ်ဧက ၃၂ဝ ရှိ ဝတီးမြို့ဟောင်းသည် အဝိုင်းပုံမြို့ဟောင်းဖြစ်ပြီး သရေခေတ္တရာ၊ ပင်လယ်နှင့် ဝေသာလီမြို့ဟောင်းတို့ထက် အရွယ်ငယ်ပြီး သာဂရမြို့ဟောင်းထက်ကြီးသော ပျူမြို့ဟောင်းတစ်ခုဖြစ်သည်။ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်၊ ၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာရေးနှစ်တွင် ဒုတိယအကြိမ်နှင့်ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင်တတိယအကြိမ်အဖြစ် ဆက်လက်တူးဖော်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ဝတီးမြို့ဟောင်းတူးဖော်မှုမှ ကြေးခြူ၊ ကြေးပြား၊ ရှပ်ဒိုးပြား၊သဲကျောက်ပြား၊ ယောက်သွားခွံ၊ လချေးပြား၊ မီးသွေးစ၊ သန်လျက်၊ သံမှို အစရှိသည်တို့ကို တွေ့ရှိရသည်။ ဝတီးမြို့ဟောင်း တူးဖော်မှုမှ သေသူကို ပကတိမြှုပ်နှံသည့်ဓလေ့နှင့် မီးရှို့၍ အရိုးနှင့်ပြာကို အိုးတွင်ထည့်သွင်းမြှုပ်နှံသည့်ဓလေ့တို့ကို တွေ့ရှိရသည်။ ဝတီးမြို့ဟောင်းမှ တွေ့ရှိရသော ပစ္စည်းများ၊ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများသည်ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့နှင့်တူညီသဖြင့် ဝတီးမြို့ဟောင်းသည် ပျူမြို့ဟောင်းဖြစ်ကြောင်း သက်သေထူနိုင်ခဲ့သည်။

ဝတီးမြို့ဟောင်း အနောက်ဘက်မြို့ရိုး၏ အရှေ့ဘက် ပေ ၂ဝဝ ခန့်အကွာကုန်းအမှတ် WD 5 ၏ တောင်ဘက်သို့ပေါ်ထွက်နေသော အုတ်ရိုးတန်း WD 5B ကို တူးဖော်ခြင်းဖြစ်သည်။ အလျား၆၅ ပေ၊ အနံ နှစ်ပေ ၁ဝ လက်မ၊ အမြင့်သုံးပေ သုံးလက်မရှိ အုတ်လွှား ၁၃ လွှားပါရှိသော အရှေ့မှအနောက်သို့ တန်းနေသော အုတ်ရိုးတန်းဖြစ်သည်။ ယင်းအုတ်ရိုးတန်း၏ အနောက်ဘက်အဆုံး၌အလျား ၁၅ ပေ နှစ်လက်မ၊ အနံ တစ်ပေနှစ်လက်မ၊ အမြင့် သုံးပေ သုံးလက်မတောင်မြောက်တန်းနေသော အုတ်ရိုးတန်းနှင့် မြောက်ဘက်အစွန်ဆုံးတွင်တောင်ဘက်ကပ်လျက် အရှေ့အနောက်တန်းနေသော အလျား ၂၈ ပေ၊ အနံ တစ်ပေ သုံးလက်မ၊ အမြင့် သုံးပေ သုံးလက်မရှိ အုတ်ရိုးတန်းဖြစ်သည်။ ယင်းအုတ်ရိုးတန်း၏ တောင်ဘက်တွင် အလျား ၃၄ပေ၊ အနံ လေးပေ၊ အမြင့် တစ်ပေ နှစ်လက်မရှိ အရှေ့အနောက်တန်းနေသောအုတ်ကြမ်းခင်း တွေ့ရှိရသည်။ ယင်းအုတ်ရိုးတန်းများမှာ အဆောက်အအုံ၏အုတ်ပန္နက်များပင်ဖြစ်သည်။ အဆောက်အအုံ၏ အတိုင်းအတာမှာ တောင်မြောက် ၇၅ ပေရှိ အနောက်ဘက်အုတ်ရိုး၊တောင်မြောက် ၆၂ ပေရှိ အရှေ့ဘက်ခြမ်း၊ ၆၅ ပေရှိ မြောက်ဘက်ခြမ်းတို့ပါဝင်သည်။ တူးဖော်သုတေသန ပြုလုပ်မှုတွင် ဆီမီးခွက်အများအပြား တွေ့ရှိရသဖြင့် အဆောက်အအုံသည် ဘာသာရေးနှင့်ဆိုင်သော အဆောက်အအုံဖြစ်နိုင်ကြောင်း၊ ထို့ပြင် ရှပ်ဒိုးပြား တစ်ခု၊ မြေဂျင်သီး တစ်လုံး၊ မြေဆီမီးခွက် နှစ်ခုနှင့်အိုးခြမ်းပဲ့များကို ဆက်လက်တူးဖော်ရာတွင် တွေ့ရှိရသည်။ ကုန်းအမှတ် WD 5B တွင် အသုံးပြုသော အုတ်အရွယ်အစားများမှာ ၁၇ လက်မ x ၁ဝ လက်မ x ၃လက်မ အရွယ်၊ ၁၆ လက်မ x ၁ဝလက်မ x ၃ လက်မ အရွယ်နှင့် ၁၇ ဒသမ၅ လက်မ x ၁ဝ လက်မ x ၃ လက်မအရွယ်ရှိပြီး အချို့တွင် လက်စင်းရာများပါရှိသည်။

မြစ်သား-နွားထိုးကြီး ကားလမ်းမှဘုရားကြီးကျေးရွာသို့ သွားသော ကားလမ်း၏ ယာဘက်တွင် တည်ရှိသည်။ကွေ့ဝိုက်နေသော အနောက်ဘက်မြို့ရိုးနေရာဖြစ်ပြီး အလျား ၉၂ ပေ၊ အနံ ၁၂ပေ၊ အမြင့် ငါးပေရှိသည်။ အပေါ်ယံမြေလွှာမှ လေးပေအနက်တွင် အလျား၁၂ လက်မ၊ အနံ ခုနစ်လက်မ၊ ဒု လေးလက်မအရွယ် သဲကျောက်တုံးများ စီထားသည်ကို တွေ့ရှိရသည်။ သဲကျောက်တုံးများ၏ အောက်ဘက်ကပ်လျက် Datum Line Level မှ မြေအနက် ငါးပေတွင်အုတ်အမြင့် ရှစ်လက်မခန့် စီထားပြီးအောက်တွင် ထုထောင်းထားသော မြေကျစ်လွှာဒု ခြောက်လက်မခင်းထားသည်။ ကွေ့ဝိုက်နေသော အနောက်ဘက်မြို့ရိုး၏ မြေလွှာကို သစ်ဆွေးရော မြေလွှာ၊ သဲမြေလွှာ၊ အုတ်ကျိုးလွှာနှင့် ထုထောင်းထားသော မြေကျစ်လွှာတို့အဖြစ်အဆင့်ဆင့် တွေ့ရှိရသည်။

၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဝတီးမြို့ဟောင်းတူးဖော်သုတေသနပြုမှုသည် ကုန်းအမှတ် WD 5B ဘာသာရေး အဆောက်အအုံအပြီးသတ်တူးဖော်မှုနှင့် ကုန်းအမှတ် WD 6 မြို့ဟောင်း၏ အနောက်ဘက်မြို့ရိုးတို့ကို တူးဖော်ခြင်းဖြစ်သည်။ တူးဖော်တွေ့ရှိရသော အထောက်အထားများအရ ဝတီးမြို့ဟောင်းသည် မြို့ပြယဉ်ကျေးမှု၏ အစောပိုင်းကာလ(သို့)ပျူခေတ်ဦးကာလက တည်ဆောက်ခဲ့သော မြို့ဖြစ်ဟန်ရှိပြီး တွေ့ရှိရသောအိုးခြမ်းပဲ့များကိုလေ့လာရာ၌ သံခေတ်သုံး မြေအိုးများ၊ ပျူခေတ်ဦးကာလမြေအိုးခြမ်းပဲ့များ ဖြစ်ကြောင်းနှင့်ပျူခေတ်ဦးကာလမြို့ဟောင်းတစ်ခု ဖြစ်ကြောင်း သုံးသပ်နိုင်သည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ရှေးအတိတ်ကာလမှ ယနေ့တိုင် ကြွင်းကျန်တည်ရှိနေသော ယဉ်ကျေးမှုသမိုင်း အထောက်အထားများကို မြန်မာနိုင်ငံအနှံ့ ရှာဖွေလေ့လာ၍ တူးဖော်သုတေသနပြုလျက်ရှိကြောင်း သတင်းရရှိသည်။

Ref; ၂၈-၁၁-၂၀၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၇

No comments:

Post a Comment

အကြံပြုချက်တစ်ခုခု ရေးခဲ့ပါ....